ယခုရက်စွဲနှင့်ယခုအချိန်
အကြောင်းအရာလေးများ
အကုန်ဖွင့် | အကုန်ပိတ်
သတင်းလေးတော့ ပေးခဲ့ကြနော်
မြန်မာစာ မြန်မာစကား
MyanmarGenius
ရောင်စုံငါးလေးတွေအစာကျွေးသွားပါ
အလည်ရောက်လာခဲ့သူပေါင်း

web stats

ယခုစာဖတ်နေသူ
အဖြူရောင်သံစဉ်ရေဒီယို
အဖြူရောင်သံစဉ်
Mandalay Weather

အိမ်မြှောင်ပေးတဲ့သင်ခန်းစာ

January 23rd, 2010
ဒီပုံပြင်က ဂျပန်မှာ တစ်ကယ်ဖြစ်ပွားခဲ့တယ်လို့ ဖတ်ရပါတယ်။

တစ်ခါက လူတစ်ဦးသည် အိမ်ပြင်ရန်အတွက် အိမ်နံရံများကို ဖျက်ချခဲ့သည်။
ဂျပန်စတိုင်လ် အိမ်နံရံများသည် အလယ်တွင် ပျဉ်အရင်ခံပြီး ဘေးနှစ်ဖက်ကို
အုတ်ဖြင့် ပြန်စီထားခြင်းဖြစ်သည်။ ထိုကြောင့် နံရံ အလယ်မှာ
အခေါင်းပေါက်ဖြစ်နေသည်။ သူသည် နံရံကို ဖျက်ချစဉ် နံရံအတွင်းတွင်
အိမ်မြှောင်တစ်ကောင်အား တွေ့မိသည်။ အိမ်မြှောင်၏ အမြီးသည်
သံချောင်းတစ်ချောင်းနှင့် ရိုက်မိနေသည်ကို ထူးဆန်းစွာ တွေ့မိသည်။ မလှုပ်သာ
မခံသာ သနားစရာ အိမ်မြှောင်အား ရိုက်မိနေသော သံချောင်းကို သူသေချာ
ကြည့်လိုက်မိသည်။ ထို သံချောင်းမှာ လွန်ခဲ့သော (၁၀)နှစ် အိမ်ဆောက်စဉ်က
ရိုက်ခဲ့သော သံဖြစ်ကြောင်း သူအံသြစွာ တွေ့လိုက်သည်။

(၁၀)နှစ်အတွင်း အိမ်မြှောင်ဘယ်လို အသက်ရှင်ခဲ့သလဲ… မှောင်မဲနေတဲ့ နံရံအတွင်း
မသွားနိုင် မလှုပ်နိုင်ဘဲ အသက်ရှင်ဖို့က သိပ်မလွယ်ကူလှပေ။ အိမ်မြှောင်
မည်ကဲ့သို့ အသက်ရှင်နေခဲ့သည်ကို သူအရမ်း သိချင်နေမိသည်။ နံရံကို ဆက်မဖျက်တော့ဘဲ
(၁၀)နှစ် အတွင်း အသက်ဆက် ရှင်နေသော အိမ်မြှောင်ကို သူစူးစမ်းခဲ့သည်။
သိပ်မကြာလိုက်ပါ… အစာကိုက်ချီထားသော အိမ်မြှောင် နောက်တစ်ကောင်ကို သူ
တွေ့လိုက်မိသည်။ သူခဏသာ မင်သက်သွားမိသည်။ (၁၀)နှစ်လုံးလုံး မပျက်မကွက်
အစားကိုက်ချီ ကျွေး မွေးခဲ့သော နောက်အိမ်မြှောင်ဟာ ဒီအိမ်မြှောင်နဲ့
ဘာတော်သလဲ… ဒါဟာ ဘယ်လို မေတ္တာမျိုးလဲ…. အဲဒီအိမ်မြှောင်ဟာ သူရဲ့
မိသားစုလား… သူငယ်ချင်းလား… မောင်နှမလား…. ဒါမှမဟုတ်…..

ဒီပုံပြင်ကို ဖတ်မိပြီး ရင်ထဲကို အမည်မသိ ဝေဒနာတခု တိုးဝင်လာခဲ့မိတယ်။
ဒီလောကကြီးဟာ အရာရာ တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ တစ်ဦးနဲ့တစ်ဦး
ဆက်သွယ်ဖို့ကလဲ လွယ်ကူ မြန်ဆန်လာခဲ့တယ်။ ဒါပေမယ့် တစ်ဦးအပေါ်တစ်ဦးထားတဲ့
မေတ္တာနဲ့ နားလည်မှုစိတ်တွေကတော့ ဝေး…..ဝေး….ဝေး….လို့။

( ဒီပုံပြင်လေးမှာပါတဲ့ အကောင်ဟာ အိမ်မြောင်လို့ လဲမထင်ဘူး …
တောက်တဲ့လိုအကောင်မျိုးပဲ ဖြစ်နိုင်တယ်လို့ ထင်တယ် … ၁၀
နှစ်လောက်အသက်ရှည်တာရယ် .. အမြီးက ပြတ်မထွက်တာတွေ ရယ်ဆိုတာ က အိမ်မြောင်မှာ
မဖြစ်နိုင်ဘူးလေ .. တောက်တဲ့ ပဲဖြစ်ဖို့ များပါတယ် …. ဒါပေမယ့်ဘာပဲ
ဖြစ်ဖြစ်ပါ .. သူ ပေးချင်တဲ့အသိလေးကတော့ ကောင်းပါတယ်ဗျာ )

fwdmail ..မှရသော စာစုလေးအား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

ဇော်သိင်္ခ …

Cafesuite

January 23rd, 2010

ဒါကတော့ အင်တာနက်ဆိုင်တွေ Net Game ဆိုင်တွေ မှာ အသုံး ပြုကြတဲ့  Cafesuite Software လေးပါ။ Crack ဖိုင်လေးပါ ထည့်ပေးလိုက်ပါတယ်။ အသုံးပြုနည်း ကတော့ ကျွန်တော်လည်း သေချာ မသိလို့ ထည့်မပေးတော့ပါဘူး။

CafeSuite 3.49 (15.8MB)

Download

ဇော်သိင်္ခ …


Photoshop Portable

January 21st, 2010

Photoshop Portable ကြိုက်သူတွေ အတွက်  Portable လေးတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..


Adobe Photoshop CS4 Portable

Download (90.52MB)


Adobe Photoshop CS3 Protable

Download (49.18MB)

kothetnaing blog မှ donwload link အားပြန်လည်မျှဝေသည်။

ဇော်သိင်္ခ …

တို့တစ်တွေ ပြန်ဆုံကြတဲ့အခါ

January 21st, 2010

တို့တစ်တွေ ပြန်ဆုံကြတဲ့အခါ    အပိုင်း (၂)

ကိုယ့်ရဲ့ အလှူ မင်္ဂလာကို လာအန္တရယ်ပြုတဲ့ သူကို ယူထားတဲ့ကြွေး လျှော်ပစ်လိုက်တာ၊ ကိုယ့်ကို ဈေးမတန်တဆ တင်ရောင်းခဲ့တဲ့သူကို ပျဉ်ချပ်ထိုးပေး လိုက်တာ။

စာက တစ်ဆင့် ဖတ်ပြီး သိရတာတောင် ရင်ထဲ အေးမြနေတာ၊ ကာယကံရှင်တွေဆိုရင် ဘယ်လောက်အေးမြနေမလဲဆိုတာ မပြောတက်အောင်ပါပဲ။

တကယ်လို့သာ သူတို့ဟာ ဆန့်ကျင်ဘက် တစ်ခုခု ကိုသာပြုမူခဲ့ရင် ကာယကံရှင် တွေ အ ဖို့ကော ဖတ်ရသူတွေအဖို့ကော ပူလောင်မှု တစ်ခုခုကို ခံစားရင်း သက်ပြင်း ရှည်တစ်ခုကို ချကြရမှာပါ။

တကယ်တော့ အေးမြခြင်း ပူလောင်ခြင်းရဲ့ အကြောင်းလေးတွေကို ပထမအဆင့် အနေနဲ့ ကိုယ်ကသိထားလိုက်ဖို့ပါ။ ကျင့်တာ မကျင့်တာက ဒုတိယကိစ္စပါ။

ဒေါသဖြစ်ရင် ဖြစ်တဲ့သူကိုယ်တိုင်က အရင် ပူလောင်ရတာပါ။ ရပ်ကွက်ထဲမှာ ကလေးတွေ အပြောင်အပျက် ပြောပြောနေကြတဲ့ စကား ရှိပါတယ။ ဘာလဲ ဆိုတော့ “ မီး…. မီး ဘယကစလောင်၊ လောင်တဲ့နေရာက  စလောင်တဲ့“ တဲ့။

အပြောင်အပျက် ရယ်စရာ အဖြစ်ပြောကြပေမယ့် တကယ်သေချာ စဉ်းစားကြည့်ရင် ဒေါသ မီးလောင်ပြီဆိုရင် ဒေါသစဖြစ်တဲ့ သူကိုယ်တိုင်က အရင်စအလောင်ခံရတာပါ။ လောင်တဲ့နေရာမှာလည်း ရုပ်ကော နာမ်ကော လောင်တာပါ။ ရုပ်ကောနာမ်ကော အလောင်ခံနေရတဲ့လူရဲ့ မျက်နှာဟာ ဘယ်လို ပုံစံပေါက်နေမယ်ဆိုတာ မှန်းဆသာ ကြည့်ပါတော့။

အကုသိုလ်မီးတွေဟာ တစ်မီးနဲ့တစ်မီး မတူပါဘူး။ ဒေါသမီးကျတာ့ “၀ုန်းခနဲ ၀ုန်းခနဲ “ ထလောင်တာပါ။  ဣဿာမစ္ဆရိယမီးကျတော့ တမြည့်မြည်နဲ့ ဖွဲမီးလို လောင်နေတာပါ။ တဏှာရာဂမီးကျတော့လည်း တစ်မျိုးပါ။ အကုသိုလ်မီး အလောင်ခံရပြီဆိုရင် အမှားလား၊ အမှန်လားဆိုတာ လုံးဝကို မသိတော့ပါဘူး မသိတော့ အမှားတွေကိုပဲ ဆင့်ကာဆင့်ကာ ကျူးလွန်တော့တာပါပဲ။ ဒီတော့ မီးက တစ်ခါထပ်လောင်နဲ့ တော်တော်နဲ့ မငြိမ်းနိုင်တော့ပါဘူး။

ရပ်ကွက်ထဲမှာ တကယ့်ပကတိ မီးလောင်ပြီဆိုရင် အင်အားမျိုးစုံသုံးပြီး ငြိမ်းရပါတယ်။ ဒီလိုပါပဲ ကိုယ့်သန္တာန်မှာ အကုသိုလ်မီးတစ်ခုခု လောင်ပြီဆိုရင် လည်း သတိနဲ့ပြန်ငြှိမ်းရပါတယ်။ တိတိကျကျ ကောက်ပြရရင်တော့ ၀ိပဿနာသတိနဲ့ ပြန်ငြှိမ်းရပါတယ်။ မငြှိမ်းဘဲ လွှတ်ထားရင် သံသရာအတိပါ စိုးရိမ်ရပါတယ်။

ပကတိမီးကတော့ ပစ္စုပ္ပန်ဘ၀လောက်ပဲ ဆိုးကျိုးဖြစ်မှာပါ။ ရင်ထဲမှာလောင်တဲ့ မီးကတော့ ပစ္စုပ္ပန်ဘ၀တင်မကဘဲ တမလွန်အထိဆက်ပြီး ဆိုးကျိုး တွေ ပေးတက်ပါတယ်။ တချို့အကုသိုလ်မီးတွေဆို နောက်တစ်ဘ၀သာမကဘဲ သံသရာအဆက်ဆက်အထိတောင် ဆိုးကျိုးတွေ လိုက်လိုက်ပေးလေ့ ရှိပါတယ်။ ပကတိမီးကမှ ဥာဏ် ၀ီရိတွေ သုံး ပြီး ပြန်ရှာရင်မူလအတိုင်း ပြန်ရနိုင်ပါသေးတယ်။ အကုသိုလ်မီးကတော့ ဘ၀အဆက်ဆက်အရှုံးတွေပဲ ပြနေတော့မှာပါ။

ဒီတော့ ကိုယ့်သန္တာန်မှာ ဒေါသ ဣဿာမစ္ဆရိယစတဲ့ မီးတစ်မီး လောင်ပြီဆိုရင် ” သြော်.. ငါ့သန္တာန်မှာ မီးလောင်နေပါလား” ဆိုတာ ပထမဆုံး သိလိုက်ဖို့ပါပဲ။ နောက် ကိုယ့်သန္တာန်မှာ လောင်နေတဲ့မီးကို သတိလေးနဲ့ ဆက်ဆက်ပြီး သိနေလိုက်မယ်ဆိုရင် ငြှိမ်းသွားတာများပါတယ်။ နှေးတာနဲ့မြန်တာပဲ ကွာပါလိမ့်မယ်။

တချို့ကျတော့ အာရုံဆိုးတစ်ခုခု ကို တွေ့လိုက်တာနဲ့ ဖျတ်ခနဲ ဒေါသတော့ ဖြစ်လိုက်ပါတယ်။ ဒါပေမယ့် တစ်ခဏအတွင်းမှာပဲ သတိရပြီး ကိုယ့်ဒေါသကိုယ် ပြန်ထိန်းတက်ပါတယ်။ ဒါက တစ်ယောက်ပါ။

တချို့ကျတော့ အာရုံဆိုးကြောင့် ဒေါသဖြစ်လိုက်တာ အဲဒီဒေါသဟာ အရှိန်မသေတော့ဘဲ တမြည့်မြည့်နဲ့ တော်တော်ကြာကြာအထိ ဖြစ်နေတက်ပါတယ်။ ဒါက တစ်ယောက်ပါ။

တကယ်လို့ ကိုယ်က ပထမအမျိုးအစားထဲမှာ မပါနိုင်သေးရင်တောင် ဒုတိယ အမျိုးအစားလောက်ကိုတော့ ပါအောင် ကြိုးစားရပါမယ်။

ဒုတိယလူဖြစ်ဖို့ အဓိကအကြောင်းကတော့ ကိုယ်ဖြစ်နေတဲ့ဒေါသကို အပြစ်တစ်ခုအနေနဲ့တကယ်မြင်သွားအောင် ဆင်ခြင်လိုက်နိုင်ဖို့ပါပဲ။ အပြစ်တစ်ခုအနေနဲ့ တကယ်မြင်သွားရင် ပျောက်သွားတာများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကောင်းအဆိုးမသိရလောက်အောင် ဘယ်သူမှမညံ့ကြပါဘူး။

တချို့ပုဂ္ဂိုလ်တွေများ အာရုံဆိုးတစ်ခု ဖျတ်ခနဲဝင်လာတာနဲ့ ဖျတ်ခနဲ အလိုလို သည်းခံပြီးသား ဖြစ်နေတက်ပါတယ်။ အတိတ်အတိတ်ဘ၀တွေက ပါရမီပါခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ဒါမှ မဟုတ် အကျင့်နဲ့လည်း ဆိုင်ချင် ဆိုင်မယ်ထင်ပါတယ်။ ဘယ်အာရုံနဲ့ပဲတွေ့ ကိုယ်ကသည်းခံ ခွင့်လွှတ် ပြီးသား ဖြစ်နေပါလိမ့်မယ်။

ညောင်တုန်းရွှေဟင်္သာစံကျောင်း ဆရာတော် ဘုရားက ရေစက်ချတဲ့အခါတိုင်း ” ဘယ်လိုအာရုံမျိုးနဲ့ပဲ တွေ့တွေ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတက်တဲ့ ပုဂ္ဂိုလ်ဖြစ်ရပါလို၏” လို့ ရေစက်ချပေးလေ့ ရှိပါတယ်တဲ့။

ကိုယ်သဘောမတွေ့တဲ့ အာရုံတွေ့တိုင်း ဒေါသဖြစ်နေရမယ်ဆိုရင် ဒေါသဖြစ်လို့ကို ဆုံးတော့မှာ မဟုတ်ပါဘူး။ စကားကို ဟိုပြောဒီပြော ပြောတက်တဲ့သူနဲက တွေ့ရရင်လည်း ” သြော် …သူက စကားကို ဟိုပြောဒီပြော ပြောတက်တဲ့စရိုက်ရှီတဲ့သူပဲလေ ” ဆိုပြီး သည်းခံခွင့်လွှတ်ရပါတယ်။ နာမည်ယူတက်တဲ့ သူကိုတွေ့ရရင်လည်း ” သြော် .. သူက နာမည်ယူတက်တဲ့ စရိုက်ရှိတဲ့ သူပဲ လေ ” ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်။

စပ်စုတက်တဲ့သူတွေ့ရရင်လည်း ” သြော် .. သူက စပ်စုတက်တဲ့ စရိုက်ရှိတဲ့သူပဲလေ ” ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်။

မနာလို ၀န်တိုတက်တဲ့သူကိုတွေ့ရရင်လည်း ” သြော် .. သူက မနာလို ၀န်တိုတက်တဲ့ စရိုက်ရှိတဲ့ သူပဲလေ “  ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်။ ဒီလိုပါပဲ။ လူတွေရဲ့ ဖြစ်တက်တဲ့ စရိုက်ကို အာရုံ ပြုပြီး ” စရိုက်ဆိုတာ ပယ်ရခက်တယ်လေ ” ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်။

သီလသမာဓိပညာနံ၊ ခန္တီပဓာန ကာရဏ။

သဗ္ဗေပိ ကုသလာဓမ္မာ၊ ခန္တျာယတ္တာဝ ၀ဍ္ဎရေ။

ဂါထာလေးက ဘာပြောတလဲဆိုတော့ သီလ တွေ ဆောက်တည်တော့မယ်၊ သမထ ၀ိပဿနာတွေ ပွားများတော့မယ်ဆိုရင် ခန္တီဆိုတဲ့ သည်းခံခြင်းဟာ အဓိကပဓာနကျသလို အားကြီးတဲ့ကုသိုလ်တွေ လုပ်တဲ့အခါမှာလည်း ခန္တီပါမှပဲ ကြီးပွားတိုးတက်အောင်မြင်နိုင်ပါတယ်တဲ့။

ဒီတော့ အားကြီးတဲ့ ဘာသာရေးပရဟိတတွေ၊ အားကြီးတဲ့လူမှုရေး ပရဟိတတွေလုပ်တဲ့အခါ၊ ဒါမှမဟုတ် လုပ်တော့မယ်ဆိုရင် ခန္တီမပါဘဲနဲ့ လုပ်လို့ကို မရပါဘူး။

ခန္တီမပါဘဲနဲ့ လုပ်တဲ့ အဖွဲ့အစည်းတွေဟာ မကြာခင် ကွဲသွားတက်လေ့ရှိပါတယ်။

ကိုယ်လုပ်နေသမျှ ကာလတစ်လျှောက်မှာ ကိုယ်ဘောမတွေ့တဲ့ အာရုံတွေကတော့ တစ်ခုမဟုတ် တစ်ခုတွေ့နေရမှာပါ။

ကိုယ်သဘောမတွေ့တဲ့ အာရုံတစ်ခုနဲကတွေ့တိုင်း ခန္တီကိုလက်ကိုင်ထားပြီး ရှေ့ကို ဆက်ရမှာပါ။

သည်းခံဖူးမှ သည်းခံခြင်းရဲ့ အရသာကို သိတာပါ။ ခွင့်လွှတ်ဖူးမှ ခွင်လွှတ်ခြင်းရဲ့ အရသာကို သိတာပါ။

ကိုယ်က အဲဒီအရသာကိုသိချင်ရင် သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းကို တစ်တို့နှစ်တို့လောက်တော့ မြည်းကြည့်ရမှာပါ။

အရသာကို ကောင်းကောင်းသိသွားပြီဆိုရင် ခွင်မလွှတ်ရရင် မနေနိုင်လောက်အောင်ကို ဖြစ်သွားပါလိမ့်မယ်။

ကြုံလို့ပြောရရင် ပရဟိတဟာ အစားထိုး ပရဟိတနဲ့ ပရဟိတစစ်စစ် ဆိုပြီး နှစ်မျိုးရှိပါတယ်။

လုပ်သက်စေ့သွားလို့ ပင်စင်ယူတဲ့အခါလူဟာ အလုပ်မရှိတော့ အထီးကျန်နေတက်ပါတယ်။ အဲဒီ အထီးကျန်မှုကို ကုစားဖို့ အတွက် ပရဟိတ အဖွဲ့အစည်းတွေမှာ ၀င်လုပ်လေ့ရှိပါတယ်။ ဒါဟာ အစားထိုး ပရဟိတပါ။

ဒါက ယေဘုယျအသက်အရွယ်နဲ့ယှဉ်ပြီး ပြောတာပါ။ တကယ်တော့ လူတိုင်းလူတိုင်းမှာ ကိုယ်စီ အထီးကျန်မှုရောဂါလေးတွေ မသိမသာ ရှိနေတက်ပါတယ်။ ကိုယ့်ရဲ့ အထီးကျန်မှု ရောဂါလေးတွေကို ပရဟိတလေးတွေနဲ့ ကုစားရပါတယ်။ ပရဟိတလေးတွေလုပ်နေရင် ကိုယ့်ရဲ့ အထီးကျန်မှုလေးတွေဟာ သက်သာပျောက်ကင်းနေတက်ပါတယ်။

ဒီတော့ ကိုယ်က ” သြော် ငါ့ရဲ့ အထီးကျန်မှုတွေကို ဒီပရဟိတတွေက ကုစားပေးနေပါလား ” ဆိုပြီး ကိုယ်လုပ်နေတဲ့အဖွဲ့အစည်းကို ကျေးဇူးတစ်တင်တင်ရှိနေရမှာပါ။

တစ်ခုရှိတာက အဲဒီလိုအချိန်မျိုးမှာ ” ငါက ပရဟိတလုပ်တာ၊ ငါက ပရဟိတလုပ်တာ ” ဆိုပြီး အသိမှား၊ အမြင်မှားလေးတွေ ၀င်လာတက်ပါတယ်။ အဲဒီလိုဝင်လာမယ်ဆိုရင်တော့ အဆင်မပြေမှုတွေနဲ့ဆိုးကျိုးတွေပဲ ဆင့်ကာ ဆင့်ကာ ဖြစ်နေတော့မှာပါ ။ ဒါကြောင့် အတွေးများများမ၀င်နိုင်အောင် သတိနဲ့ ပြန်ထိန်းရပါတယ်။

ပရဟိတစစ်စစ်ဆိုတာကတော့ သူတစ်ပါးအကျိုးကိုငဲ့တယ်။ မိမိအကျိုးကို မငဲ့ဘူး။ နိဗ္ဗာန်ကို ဦးတည်တယ်၊ ဒါက တကယ့်ပရဟိတစစ်စစ်ပါ။

ဒါကြောင့် ကိုယ်လုပ်နေတဲ့ ပရဟိတဟာ အစားထိုးပရဟိတလား ပရဟိတစစ်စစ်လားဆိုတာ အရင်ဆုံး ခွဲခြားသိထားဖို့ လိုပါတယ်။

တကယ်လို့ ကိုယ်က အစားထိုးပရဟိတကို လုပ်ဖြစ်နေတယ်ဆိုရင်လည်း ဘာမှ အားငယ်နေစရာမလိုပါဘူး။ ကိုယ်ရဲ့ ပရဟိတဟာ ဘယ်ပရဟိတ ဖြစ်တယ်ဆိုတာသာ သိထားဖို့ အဓိကပါ။

အချစ်ဝတ္ထုရေးဆရာတွေ မကြာခဏရေးလေ့ ရှိတဲ့ စာပိုဒ်တစ်ပိုဒ် ရှိပါတယ်။

ကမ္ဘာကြီးဟာ အမှန်တကယ်လုံးပြီး ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းပြီး ၂၄ နာရီတစ်ပတ်လည်နေခဲ့ရိုးမှန်ခဲ့ရင် ကျောခိုင်းပြီး ခွဲခွာသွားတဲ့ ချစ်သူနှစ်ဦးဟာ တစ်ချိန်ချိန်မှာ မျက်နှာချင်းဆိုင်ပြီး ပြန်တွေ့ကြလိမ့်မယ်တဲ့။

အချစ်ဝတ္ထုရေးဆရာတွေက သိပ္ပံသဘာဝကိုကိုင်ပြီး ရေးကြတာပါ။

ကံကြမ္မာ သဘောတရားအရလည်း လူနှစ်ယောက်ဟာ နိဗ္ဗာန်မရသေးသမျှ တစ်ချိန်ချိန် တစ်နေရာရာမှာ ပြန်လည်တွေ့ဆုံကြရဦးမှာပါ။

အဲဒီလိုမျက်နှာချင်းဆိုင် ပြန်လည်တွေ့ဆုံကြရတဲ့အခါ ဘယ်လို မျက်နှာတွေနဲ့ ဆုံကြမလဲ………? ။

အဲဒီအခါ သူကလည်းအပြုံး ကိုယ်ကလည်းအပြုံးနဲ့ နှုတ်ဆက်လိုက်ကြတဲ့အချိန်ဟာ ကမ္ဘာလောကကြီးရဲ့ တစ်နေရာမှာ အလှတစ်ခုဆင် လိုက်ကြတာပါ ။

ကဲ….. စာဖတ်သူ ၊ ကိုယ့်သဘောမတွေ့တဲ့ အာရုံတစ်ခုကို တွေ့ရတဲ့အခါ သည်းခံခွင့်လွှတ်ကြည့်ပါလား….။ အရသာ ဘယ်လိုရှိတယ်ဆိုတာ သိရအောင်လို့ ပါ။

ပြီးတော့ ခွဲခွာခြင်းတွေနဲ့ ဝေကွာကြရင် တစ်နေရာမှာ ကံအားလျော်စွာ ပြန်ဆုံကြရတဲ့အခါ အပြုံး နဲ့ နှုတ်ဆက်နိုင်အောင် ရယ်ပါ ။

ရဝေနွယ် (အင်းမ)

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

မတ်လ၊ ၂၀၀၆ ။

ဇော်သိင်္ခ ...

ဖေဖေ နှင့် ဖွားဖွား သာဓုခေါ်ဆိုနိုင်ပါစေ

January 21st, 2010

အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ဖေဖေ နှင့် မေမေ ဟု ပြောစမှတ်ပြုကြရာ တွင် ကျေးဇူးရှင် မေမေ ကတော့

ကျွန်တော်တို့ နှင့်  အတူတကွ ကျန်းမာ ချမ်းသာ စွာနဲ့ မိသားစု တာဝန်လေး ကို ဆက်လက် ထမ်းဆောင်

နေရသော်လည်း ကျေးဇူး ရှင် ဖေဖေ ကတော့ ကျွန်တော်တို့ မိသားစု ကို ခွဲခွာ သွားတာ ဖြင့် ဒီနေ့ တပိုတွဲ

လဆန်း (၇) ရက်နေ့ ဆိုရင် လေးလတိတိ ပြည့်တဲ့ နေ့သို့ ရောက်ရှိလာခဲ့ပြီနော်။ ကျေးဇူးရှင် ဖေဖေက

ကျွန်တော်တို့ မိသားစုလေး ကိုခွဲခွာ သွားတာ လေးလ ပြည့်တဲ့နေ့ ဖြစ်သလို နောက်ထပ် ဖေဖေရဲ့ မေမေ

ကျွန်တော်တို့ ရဲ့ ဖွားဖွား လည်း ပဲ  ကျွန်တော်တို့ မိသားစု ကို ခွဲခွာ  သွားတဲ့ နေ့ကလည်း  ဒီနေ့မှာပဲ  (၁၁)

လ ပြည့်တဲ့ နေ့ ဖြစ်နေပါတယ်။ ဖေဖေနဲ့ ဖေဖေရဲ့ မေမေ (ကျွန်တော်တို့ ဖွားဖွား)တို့ ကျွန်တော်တို့ကို စွန့်ခွာ

သွားတာဖြင့်  (၇)လတိတိ ကွာတယ်နော်။ ကျွန်တော်တို့ မိသားစု မှာတော့ နံပါတ်တစ် အချစ်ဆုံးက တော့

ဖွားဖွားပါ။ ဖွားဖွား ဟာ ငယ်ငယ်လေး ကတည်းက ကျွန်တော်တို့ မောင်နှမလေး ယောက်စလုံးကို အရမ်း ချစ်ခဲ့

ပါတယ်။ အဖွားမှာ က သားသမီးဆိုလို့ ဖေဖေ တစ်ယေက်ထဲပဲရှိတော့ ၊ ဒီသားတစ်ယောက်က မွေးဖွားလာတဲ့

မြေး ဆိုတော့ လည်း ဒီလေးယောက်ပဲ ရှိတာ ဆိုတော့ ပိုပြီးတော့ ချစ်တယ်လို့ ပြောရမှာပါ။ ကျွန်တော်တို့ ကို

မေမေက ၀မ်းနဲ့ လွယ်ပြီးမွေးပေး ယုံပါပဲ။ အမေကမွေးပြီး အဖွား ကနေမှ ကျွန်တော်တို့ မောင်နှမလေးယောက်

စလုံးကို အရွယ်ရောက်လာသည့် အချိန်အထိ ပြုစု စောင့်ရှောက် လာခဲ့တာပါ။ ဒါ့အပြင် ဘ၀မှာ နေနည်း ထိုင်နည်း

တွေ ပေါင်းသင်း ဆက်ဆံ ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး တွေကအစ အားလုံး သွန်သင် ဆုံးမ ညွှန်ပြ  ပေးခဲ့

တာလည်း ကျွန်တော်တို့ ဖွားဖွားပါပဲ။ ဖွားဖွားက ကျွန်တော်တို့ ကို သွန်သင်ဆုံးမ ပေး တဲ့အပြင် ကျွန်တော်တို့

ဖေဖေ ကလည်း ကျွန်တော်တို့ ဖွားဖွားရဲ့ စိတ်ဓာတ်နဲ့   ထပ်တူထပ်မျှ တူသည့်အတွက်  ဖေဖေရဲ့ သွန်သင်ဆုံးမ

ညွှန်ပြမှုကိုလည်း ကျွန်တော်တို့ ခံယူခဲ့ရပါတယ်။ ဖေဖေ ဟာ ကျွန်တော်တို့ မောင်နှမ လေးယောက်ကို အရမ်းချစ်

သလို ကျွန်တော် တို့ အပေါ်မှာလည်း တာဝန်ကျေပွန်ခဲ့ပါတယ်။ ကျွန်တော်တို့ မိသားစုဟာမြို့နဲ့ ဝေးကွာ လှတဲ့

ရွာမှာ မွေးဖွားကြီးပြင်းလာခဲ့ရပေါမယ့် ဖေဖေ ရဲ့ ကျေးဇူး တရားများကြောင့် ကျွန်တော်တို့ မြို့ကြီးပြကြီးမှာ

တက္ကသိုလ်ပညာ ကို ဆုံးခန်းတိုင် အောင် သင်ကြားခွင့် ရခဲ့ရပါတယ်။ ကျွန်တော်တို့ ချစ်သော ဖေဖေ ဟာ

ကျွန်တော်တို့ သားသမီးတွေရဲ့ ချစ်ခြင်း မေတ္တာ ကိုခံခဲ့ ရယုံတင် မကပဲ တရွာလုံး ရဲ့ ချစ်ခင် နှစ်သက်ခြင်း

ယုံကြည် မြတ်နိုး ခြင်း ကိုလည်း ခံခဲ့ရပါတယ်။ နောက်ပြီးတော့ ဖေဖေ ကလည်း သားသမီးတွေ ပေါ် မှာချစ်ခြင်း

မေတ္တာ ထားတာ ဟာ သဘာဝလို့ ပြောနိုင်ပေမယ့်  တရွာလုံးအပေါ်မှာ လည်း သား သမီးနှင့် မခြားမေတ္တာထား

ပြီး ပြုစု စောင့်ရှောက်ခဲ့တာ ဖြင့် တရွာလုံးက အသိပါ။ တစ်ရွာလုံး  အပေါ်မှာ မေတ္တာထား ပြီး ရပ်ရွာရဲ့ အကျိုးကို

နေပူ မရှောင် မိုးရွာ မရှောင် ဆောင်ရွက်ပေးခဲ့ တဲ့ ဖေဖေဟာ  သားတို့ မိသားစု နှင့် အတူ ဖေဖေ ချစ်သော

ရွာကလေးကို  စွန်ခွာ သွားဖို့ အချိန်မတန်ခင် မှာပဲ စောလျှင်စွာနဲ့ စွန့်ခွာသွားခဲ့ပေမဲ့ သားတို့ မိသားစုနှင့်

အတူ ဖေဖေ ချစ်သော ရွာကလေးကတော့ ဖေဖေကို တစ် ရက်မှ မေ့လို့ မရအောင် လွမ်းဆွတ်သတိ ရနေလျှက် ပါ

ဖေဖေ ရယ်……

ဖေဖေ နှင့် ဖွားဖွား အတွက် ရည်စူး ပြီး ကုသိုလ်ကောင်းမှု များမကြာခဏ ပြုလုပ်ပေးပြီးတော့ … ..

ဖေဖေ နှင့်ဖွားဖွား ကောင်းမွန် ရာဘ၀ရောက်ပါစေလို့ ..

ဆုတောင်း  မေတ္တာပို့ အမျှဝေပေးနေပါတယ်  ဖေဖေနှင့် ဖွားဖွားရယ် …….

ရောက်လေရာ ဘ၀မှ သာဓု ခေါ်ဆိုနိုင်ပါစေ ဖေဖေ နှင့် ဖွားဖွား  ခင်ဗျား….

(အမျှ ……. အမျှ …. အမျှ … ယူတော်မူကြပါခင်ဗျား…… သာဓု ……. သာဓု ……. သာဓု ) ……

ဇော်သိင်္ခ ….

တို့တစ်တွေ ပြန်ဆုံကြတဲ့အခါ

January 20th, 2010

တို့တစ်တွေ ပြန်ဆုံကြတဲ့အခါ  အပိုင်း (၁)


သီဟိုဠ်ကျွန်းမှာ တကယ်ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။

တစ်ခါတုန်းက သီဟိုဠ်ကျွန်းအနုရာဓမြို့နဲ့ မနီးမဝေး မဟလမြို့လေးမှာ ဣဿရမဟာ တိဿ ဆိုတဲ့ သူဌေးတစ်ယောက်ရှိခဲ့ဖူးပါတယ်။

သူဌေးက အလှူအတန်း ၀ါသနာပါသလို သူဌေးကတော်ကလည်း အလှူအတန်း ၀ါသနာပါပါတယ်။

တစ်နေ့တော့ ဣဿရမဟာတိဿရဲ့ အိမ်မှာ လယ်ထွန်ခြင်း ၊ ပျိုးကျဲခြင်း မင်္ဂလာကို ပြုပါတယ်။

ယောကျာ်းဖြစ်သူက လယ်ကွင်းထဲမှာ ဦးဆောင်ပြီး ဆောင်ရွက်နေသလို ဇနီးလုပ်သူကလည်း လယ်ထွန်ပျိုးကျဲသူတွေ စားဖို့ သောက်ဖို့ အိမ်မှာ ချက်ပြုတ်နေပါတယ်။

ဣဿရမဟာတိဿကို အမြဲတမ်းမနာလိုဝန်တိုစိတ်ဖြစ်နေတဲ့ လူသတစ်ယောက်ကလည်း မြို့ထဲမှာ ရှိနေပြန်ပါတယ်။ ၀န်တိုသူက ၀န်တိုလို့သာ ၀န်တိုနေတာ ၊ ဣဿရမဟာတိဿဆီက ငွေချေးထားတာတွေ ပြန်တောင် မဆပ်ရသေးပါ့ဘူး။

မင်္ဂလာအခမ်းအနား ကျင်းပနေတယ်ကြားတော့ သူ့စိတ်ထဲမှာ ပိုပြီး မနာလိုဝန်တိုဖြစ်သွားပါတယ်။ ဒါကြောင့် ဒုက္ခပေးချင်စိတ် ပေါက်သွားပါတယ်။ အဲဒီ အမျိုးသားက ” ဒါလောက်မှ ဖြစ်နေတာ တွေ့ကြသေးတာပေါ့၊ ပညာပေးလိုက်ဦးမှပဲ ” ဆိုပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းကို ထွက်ခဲ့ပါတယ်။

ကျောင်းတိုက်ထဲရောက်တော့ ဆရာတော်နဲ့ အခန့်သင့်တွေ့ရပါတယ်။ ဆရာတော်ကို ဦးချပြီးတော့

“  ဆရာတော်ဘုရား မနက်ဖြန် သံဃာငါးရာ ဣဿရမဟာတိဿ အိမ်ကို ဆွမ်းစားကြွတော်မူပါ ဘုရား “  လို့ လျှောက်လိုက်ပါတယ်။

ကျောင်းထိုင်ဆရာတော်ကလည်း ” အေး…. ကောင်းပြီ ပင့်လာတဲ့ ဆွမ်းစားကို  လက်ခံထားလိုက်ပါတယ်။ နောက်တစ်နေ့ရောက်တော့ ဣဿရမဟာတိဿက လယ်ကွင်းထဲကို စီမံကွပ်ကဲဖို့ သွားပြီး ဇနီးဖြစ်သူကတော့ အလုပ်သမားတွေ စားဖို့ သောက်ဖို့ စီမံရမှာမို့ အိမ်မှာကျန်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ အိမ်ရှေ့ကို သံဃာငါးရာကြွလာပါတော့တယ်။ ပင့်ဖိတ်မထားပဲနဲ့ သံဃာတော်တွေ ကြွလာတာ မြင်လိုက်ရတော့ ပထမတော့ သူဌေးကတော်က အံ့သြသွားပါသေးတယ်။ ဒါပေမယ့် ချက်ချင်းပဲ သံဃာတော်တွေကို အိမ်ထဲကို ပင့်လိုက်ပါတယ်။

လက်ထဲက သပိတ်တွေကိုလည်း ကိုယ်စီ လှမ်းယူလိုက်ကြပါတယ်။ ကြွလာတဲ့ ခေါင်းဆောင် အရှင်တိဿဒတ္တမထေရ်က အိမ်မှာ သံဃာတော်တွေ ထိုင်ဖို့ အရံသင့်ခင်းထားတာမတွေ့ရတော့ သံသယဖြစ်ပုံရတယ်။ ဒါကြောင့် ဒကာမလုပ်သူကို မေးကြည့်ပါတယ်။

” ဒကာက … ဒီနေ့ သင်တို့ အိမ်မှာ အုတ်အုတ်ကျက်ကျက်နဲ့ တခြားမှာ ကြောင့်ကြစိုက်စရာများရှိနေသလား”

” မှန်ပါဘုရား တပည့်တော် တို့ အိမ်မှာ လယ်ထွန်မင်္ဂလာ ပြုလုပ်နေပါတယ်ဘုရား၊ ဒါပေမယ့် ဆရာတော်ဘုရား မပူပါနဲ့ ဘုရား၊ လယ်ထွန်မှုကိစ္စကို ဒကာ ယောက်ျားက ဆောင်ရွက်နေပါတယ်ဘုရား၊ ဆွမ်းကပ်ဖို့ ကိစ္စက တပည့်တော်မတာဝန်ပါဘုရား”

ဒကာမဖြစ်သူက ဆရာတော်ကို လျှောက်ပြီးဆွမ်းကိစ္စကို အမြန်စီမံရပါတော့တယ်။ စီမံဆဲမှာပဲ ဒကာလုပ်သူက လယ်ထဲက ပြန်ရောက်လာပါတယ်။ လွဲချော်မှုတွေ ဖြစ်နေတာ ဆိုတော့ ဆရာတော်ကပဲ ဒကာကို အရင်ဦးစွာ မိန့်ပြပါတယ်။

” ဒကာရယ် သင်တို့ အိမ်မှာ လယ်ထွန်မင်္ဂလာလုပ်နေကြတာ ငါတို့ သိခဲ့ရင် မကြွပါဘူး၊ ဒကာသူငယ်တစ်ယောက်က လာပင့်လို့ ကြွရတာပါ”

” ဆရာတော်ဘုရား အဲဒီအတွက် ဘာမှ မပူပါနဲ့ဘုရား၊ ဆရာတော်ဘုရားကို လာလျှောက်တဲ့ ဒကာဟာ ဘုရားတပည့်တော်ဆီက ငွေချေးထားတဲ့သူပါဘုရား၊ တကယ်တော့ ၀န်တိုစိတ်နဲ့ တပည့်တော်ရဲ့ လယ်ထွန်မင်္ဂလာကို အန္တရာယ်ဖြစ်အောင် လုပ်တာပါဘုရား၊ ဒါပေမယ့် သူဖိတ်ပေးလို့ ဆရာတော်ဘုရားတို့ကို ဆွမ်းကပ်ခွင့်ရတာပါဘုရား၊တပည့်တော်တို့ အ တွက် သူဟာ ကျေးဇူးကြီးလှပါတယ်ဘုရား၊ ဒီနေ့ကစပြီး သူ့ကို မိတ်ဆွေသူငယ်ချင်းအဖြစ် သတ်မှတ်လိုက်ပါမယ်ဘုရား”

ဒကာဖြစ်သူက ဆရာတော်ကို လျှောက်ပြီး ဆွမ်းကပ်ပါတယ်။ ဆွမ်းစားပြီးလို့ ကျောင်းပြန်အကြွမှာလည်း သင်္ကန်းတွေကိုပါ ပေးလှူလိုက်ပါတယ်။

နောက်ထူးခြားးတဲ့ အပြုအမူ တစ်ခုကတော့ ဆရာတော်တွေကို သွားပင့်တဲ့ ရန်ဘက် ၀န်တိုနေတဲ့သူကို ကြွေးအားလုံးကို   လျှော်ပစ်လိုက်တော့တာပါပဲ။

ပြောလက်စနဲ့ သီဠ် ၀တ္ထုလေး တစ်ပုဒ်ကိုလည်း ထပ်ပြောလိုက်ပါရစေဦး၊ ရသ၀ါဟိနီကျမ်းကပါ။

တစ်ခါတုန်းက ဥတ္တရာ ပထတိုင်းသားတစ်ယောက်ဟာ ခရီးတစ်ခုထွက်ခဲ့ပါတယ်။ ခရီးသွားနေတုန်းမှာ နေကသိပ်ပူတော့ ရေကလည်း ဆာလာပါတယ်။ ဒါကြောင့်နီးရာသစ်ပင်ရိပ်အေက်ကို ၀င်နားလိုက်ပါတယ်။ သစ်ပင်အောက်မှာ သူ့လိုပဲ သာဝတ္တိပြည် သား လူစိမ်းတစ်ယောက်ကလည်း ကွမ်းဝါးရင်းနေပူခိုနေပါတယ်။ ဒီတော့ ဥတ္တရာပထတိုင်းသားက ကြိုရောက်နေတဲ့လူစိမ်းကို ရေတောင်းလိုက်ပါတယ်။

” မိတ်ဆွေရယ် ရေလေးဘာလေး မပါဘူးလား၊ ပါရင် နည်းနည်းလောက်ပေးစမ်းပါ၊ ရေသိပ်ဆာနေလို့ပါ”

” မပါဘူး  ”

” ဒါဖြစ်ရင်လည်း မိတ်ဆွေရယ်၊ ရေဆာလွန်းလို့ ကွမ်းလေးတစ်ယာ လောက်ပေးပါ”

”်အိုး … ဒီအတိုင်းတော့ ဘယ်ရမလဲ၊ လေးအသပြာပေးရမယ်”

” ရပါတယ်၊ လေးအသပြာပေးပါမယ်”

ပြောပြီး လေးအသပြာကို ထုတ်ပေးလိုက်ပါတယ်၊ ဒီတော့ ဥတ္တရာပထတိုင်းသားက ရေဆာပြေအဖြစ် ကွမ်းကို ၀ါးပါတော့တယ်၊

တကယ်တော့ ကွမ်းတစ်ယာဟာ လေးအသပြာ မတန်ပါဘူး၊ လိုနေမှန်းသိလို့ ပုံမှန်ဈေးထက် အဆများစွာ တင်ရောင်းလိုက်တာပါ၊

အမောပြေတော့ ကိုယ့်ခရီကိုယ် ဆက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ကာလတွေ ကြာသွားရောပဲဆိုပါတော့.၊

တစ်နေ့သောအခါမှာတော့ ပင်လယ်ပြင်မှာ ခရီးထွက်ရင်း သူတို့နှစ်ဦးဟာ သဘောင်္တစ်စီးမှာ ပြန်ဆုံကြပြန်ပါတယ်။

တစ်နေရာအရောက်မှာတော့ စီးလာတဲ့သဘောင်္က မှောက်သွားပါလေရော။ခရီးသည်တွေဟာ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန်နဲ့ ကူးနေကြပါတယ်။ဥတ္တရာပထတိုင်းသားကတော့ ကံကောင်းစွာ ပျဉ်ချပ်တစ်ခုကို ရလိုက်ပါတယ်။

ရတာတဲ့ပျဉ်ချပ်နဲ့ကူးရင်း သူနဲ့ခပ်လှမ်းလှမ်းမှာ ယက်ကန် ယက်ကန်နဲ့ ရေထဲ နစ်လုနစ်ခင်ဖြစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သေချာကြည့်လိုက်တော့ တစ်ချိန်က သူ့ကို ကွမ်းတစ်ယာကို လေးအသပြာနဲ့ ရောင်းခဲ့တဲ့သူပါ။

ဒီတော့ ဥတ္တရာပထတိုင်းသားက

” ဒီမိတ်ဆွေဟာ ငါရေငတ်နေတုန်းက ကွမ်းတစ်ယာရောင်းဖုးတယ်။ ကျေးဇူးရှိခဲ့ဖူးတဲ့ မိတ်ဆွေပဲ” ဆိုပြီး သူ့ရဲ့ ပျဉ်ချပ်ကို ထိုးပေးလိုက်ပါတော့တယ်။

*****

ဒီသိဟိုဠ် ၀တ္ထုလေး နှစ်ပုဒ်ကို ပြန်ပြန်ဖတ်ဖြစ်တိုင်း ရင်ထဲမှာ အအေးဓာတ်တစ်ခုခုကို ရလိုက်သလို ခံစားရပါတယ်။ သူတို့ရဲ့အေးမြတဲ့ အအေးဓာတ်က စာဖတ်သူကိုလာကူးဆက်တဲ့သဘောပါ။ သီဟိုဠ်ခေတ်က ပုံရိပ်ကလေးနှစ်ခုက ရာစုများစွာကြာခဲ့ပါပြီ။ ရာစုတွေ ဘယ်လောက်ပဲ ကြာခဲ့ ဖတ်ရသူတိုင်းက ရင်ထဲကို အေးမြနေရတုန်းပါ။

တို့တစ်တွေ ပြန်ဆုံကြတဲ့အခါ  အပိုင်း (၁) လို့ပဲ ပေးထားလိုက်ပါတော့မယ်.  နောက်ဆက်တွဲ တွေ ရှိပါသေးတယ် စာရိုက်ရတာမအားလို့ နောက်နေ့မှ ပြန်လည် တင်ပေးပါတော့မယ်။

ရဝေနွယ် (အင်းမ)

ရုပ်ရှင်တေးကဗျာ မ၈္ဂဇင်း

မတ်လ၊ ၂၀၀၆

ဇော်သိင်္ခ …

Mp3 Resizer Portable

January 19th, 2010

ဒါလေးကတော့ Mp3 တွေကို မေးနဲ့ပို့ကြတဲ့အခါမှာ သီချင်းရဲ့ ဆိုဒ်က 4MB လောက်ဆိုရင်ကို ဒီက ကော်နက်ရှင်တွေနဲ့ဆိုရင် သိပ်အဆင် မပြေတာ များပါတယ်။ ဒါကြောင့် 4MB ရှိတဲ့ သီချင်းကို 1MB လောက်ထိ ချုံ့ပြီး ပို့တော့ အဆင်ပြေနိုင်လောက်မယ် ထင်ပါတယ်။ ဒါကြောင့် ဒီဆော့ဝဲလ် လေးကို အသုံးပြုပြီး ပို့လို့ရအောင် ပြန်လည် မျှဝေလိုက်တာပါ။ ချုံ့နိုင်တဲ့ Bitrate ကတော့ အများဆုံး 256 kbit ကနေ 8kbit အထိချုံ့ နိုင်ပါတယ်။ အသံကတော့ ချုံ့တဲ့ပေါ်မှာ မူတည်ပြီး အနည်းငယ် တိုးတိုး သွားနိုင်ပါတယ်။ အောက်မှာ ဒေါင်းယူလိုက်ကြနော်………။

Download

ဇော်သိင်္ခ …